ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး

ဤစာမျက်နှာကို နောက်ဆုံးပြင်ဆင်သည့်ရက်စွဲမှာ - 2025-01-21

အလုပ်ရှင်မှဆောင်ရွက်ရန် ။

အလုပ်ရှင်များသည် သက်ဆိုင်ရာ အလုပ်သမားဌာနများနှင့် သက်ဆိုင်ရာ ဥပဒေများအရ ထုတ်ပြန်ထားသော လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရမည်။ အလုပ်ရှင်များသည် သဘာဝဘေးအန္တရာယ်များ၊ မမျှော်မှန်းနိုင်သောအဖြစ်အပျက်များမှ ကာကွယ်ရန် အနိမ့်ဆုံးဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများ အတွက် စီမံထားရမည်ဖြစ်ပြီး၊ ဝန်ထမ်းများအား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့် ပတ်သက်၍ စီမံခန့်ခွဲခြင်း နှင့် အသိပညာပေးခြင်း ပြုလုပ်ရမည်။

အလုပ်ရှင်သည် ဆိုင် သို့မဟုတ် အလုပ်ဌာနတိုင်းတွင် အောက်ပါတို့ကိုလိုက်နာရမည်- သန့်ရှင်းရေး၊ အနံ့အသက် ကင်းရှင်းစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်ရေးတို့အတွက် ကောင်းမွန် စွာ စီမံထားရမည်။ လေဝင်လေထွက် ကောင်းမွန်စေရန်နှင့် လုံလောက်သော အလင်းရောင်ရရှိစေရန်စီမံထားရမည်။ သတ်မှတ်ထားသည့် ဆူညံသံထက် မပိုစေရန် စီမံထားရမည်။ အပူချိန်လွန်ကဲမှုမရှိစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးကို စီမံဆောင်ရွက်ထားရမည်။ အလုပ်သမားများအတွက် ရှေးဦးသူနာပြု ဆေး​သေတ္တာနှင့် ဆေးဝါးများကို သတ်မှတ်ချက်များ နှင့်အညီ လုံလောက်စွာ စီမံထားရမည်။

အလုပ်ရုံများအက်ဥပဒေ (၁၉၅၁) အရ အလုပ်ရုံတိုင်း၊ အလုပ်ရုံဝင်းတိုင်းကို သန့်ရှင်းစင်ကြယ်စွာ ထားရမည့်ပြင်၊ ရေမြောင်းမှ သို့တည်းမဟုတ် ကျင်ကြီးကျင်ငယ် စွန့်ရန်နေရာမှ သို့တည်းမဟုတ် အခြားနံစော်သည့် အရာမှထွက် သည့်အနံ့နှင့်လည်းကင်းစေရမည်။ အလုပ်ရုံတိုင်းတွင်၊ ပြုလုပ်မှုလုပ်ငန်းစဉ်အရ၊ စွန့်ပစ်သည့်ပစ္စည်းများနှင့် ယိုစီးသည့်အရာများ ကို၊ သုတ်သင်ရှင်းလင်းရန်အတွက်၊ ထိရောက်သော အစီအစဉ်များပြုရမည်။ အလုပ်ရုံ၏အလုပ်ခန်းတိုင်းတွင်လေကောင်း လေသန့်လုံလောက်စွာရရှိရန်နှင့်၊ အလုပ်သမား တို့ နေသာချောင်ချိရေးနှင့် ကျန်းမာရေးအတွက် အပူအအေးမျှတရန် သင့်တော်လုံလောက်သော စီမံချက်များပြုပေးရမည်။ အလုပ်ရုံတွင် လုပ်နေသောပြုလုပ်မှု လုပ်ငန်းစဉ် နှင့်စပ်လျဉ်း၍ အလုပ်ရုံတွင် ခိုင်းစေခံရသူများကို၊ ဘေး အန္တရာယ် ဖြစ်ဘွယ်ရာလက္ခဏာရှိသည့် အမှုန် အခိုးအငွေ့၊ သို့တည်းမဟုတ် အခြားအညစ်အကြေးများ ထွက်လျှင်သော် ၎င်း၊ အမှုန်၊ သို့တည်းမဟုတ် အခိုးအငွေ့အများအပြား ထွက်လျှင်သော်၎င်း၊ ထိုအခိုးအငွေ့ စသည်များကို၊ မရှူမရှိုက်မိရန်နှင့် အခန်းတွင် အခိုးအငွေ့များစုဝေး မနေနိုင်ရန်၊ အစွမ်းကုန်စီမံဆောင်ရွက်ပေးရမည်။ လေကိုပိုမိုစိုထိုင်းအောင် ဖန်တီးရသည့် အလုပ်ရုံ အားလုံးတွင် စိုထိုင်းသောလေအတွက် စနစ်တကျ စီမံဆောင်ရွက်မှုများ ပြုလုပ်ရမည်။ အလုပ်သမားများ အလုပ်လုပ်နေသော၊ သို့တည်းမဟုတ် ဖြတ်သန်းသွားလာနေသော အလုပ်ရုံ၏ အစိတ်အပိုင်း အသီးသီးတွင်၊ သဘာဝအလင်းရောင်၊ သို့တည်းမဟုတ် ဖန်တီးထားသည့် အလင်းရောင်ကို သင့်တော်လုံလောက်စွာရရှိနိုင်ရန် စီမံထားရမည်။ အလုပ်ရုံရှိအခန်းတွင် ခိုင်းစေခံရသူ အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက်နိုင်လောက် အောင်လူထူထပ်ခြင်း မရှိစေရ။ အလုပ်ရုံတိုင်းတွင်၊ သင့်တော်၍ အသွားအလာ လွယ်ကူသောနေရာများ၌၊ အလုပ်သမား အားလုံးအတွက် သန့်ရှင်းစင်ကြယ်သော သောက်ရေကိုလုံလောက်စွာထားရှိရန် ထိရောက်စွာစီမံဆောင် ရွက်ပေးရမည်။ အလုပ်ရုံတိုင်းတွင် အလုပ်သမားများ အချိန်မရွေး လွယ်ကူစွာသွားလာနိုင်သည့် နေရာများ၌ အိမ်သာများနှင့် ကျင်ငယ်စွန့်ရန် နေရာ များကိုသတ်မှတ်သော ပုံစံအတိုင်း လုံလောက်စွာ ထားရှိရမည်။ အလုပ်ရုံတိုင်းတွင် သင့်တော်သော နေရာတိုင်း၌ ထွေးခံများကို လုံလောက်စွာ စီမံ ထားရှိရမည့်ပြင်၊ ကျန်းမာ ရေးနှင့်လျော်ညီအောင်သန့်ရှင်းစင်ကြယ်စွာစီမံထားရှိ ရမည်။ ကူးစက်တက်သောရောဂါများမှ ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ထားရမည်။ မီးဘေးအန္တရာယ် နှင့် ဓါတုဗေဒပစ္စည်းအန္တရာယ်များမှ ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ထားရမည်။ အလုပ်ရုံတိုင်းတွင် စက်ကိရိယာများကို အစဉ်အမြဲပြုပြင်ထိန်သိမ်းနေရမည့်အပြင် အဆင့်မီအောင် အမြဲလုပ်ဆောင်ထားရပါမည်။

လူမှုဖူလုံရေးဥပဒေအရ အလုပ်ရှင်နှင့် အလုပ်သမားတို့သည် လုပ်ငန်းဌာနများ၌ အလုပ်သမားများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပညာပေးလုပ်ငန်းများအပြင် အလုပ်တွင် မတော်တဆဖြစ်ပွားမှုများကိုလည်းကောင်း၊ အလုပ်တွင်ထိခိုက်မှုကြောင့် ဒဏ်ရာရရှိမှု၊ ရောဂါရရှိမှုနှင့် သေဆုံးမှုဖြစ်ပွားခြင်းတို့ကိုလည်းကောင်း ကာကွယ်ရန်အလို့ငှာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံချက်များ ထားရှိခြင်းတို့ နှင့် စပ်လျဉ်း၍ လူမှုဖူလုံရေးအဖွဲ့နှင့်ဖြစ်စေ၊ အာမခံကိုယ်စားလှယ်ဌာနများနှင့်ဖြစ်စေ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်။ အလုပ်ရှင်၏ ပြစ်မှုပြစ်ဒဏ် ထိုက်သင့်သောပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ အလုပ် ရှင်ကလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများနှင့် အကာအကွယ်များ ပြုလုပ်မထားခြင်း ကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော အလုပ်တွင်ထိခိုက်မှုအတွက် ဆေးကုသမှု ကုန်ကျစရိတ်များနှင့် ဤ ဥပဒေအရ ခံစားခွင့်ရှိသည့် အခြားအကျိုးခံစားခွင့်များကို အလုပ်ရှင်က သတ်မှတ်ချက်များနှင့်အညီ ကျခံရ မည်ဖြစ်ပြီး ပျက်ကွက်ခြင်းမရှိစေရ။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၈ အရ အလုပ်ရှင်တိုင်းသည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်ဖြစ်စေရန် စီမံဆောင်ရွက်ရမည်။ အလုပ်ရှင်သည် အလုပ်သမားများကို လုပ်ငန်းခွင်ဆိုင်ရာရောဂါခံစားရမှု ရှိ မရှိ သတ်မှတ်ချက်များနှင့်အညီ အသိအမှတ်ပြုဆရာဝန်ဖြင့် ဆေးစစ်ပေးရန် စီမံပေးရမည်။ အလုပ်ရှင်သည် လုပ်ငန်းခွင်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၏ ကျန်းမာရေးမထိခိုက်စေရန်စီမံ ဆောင်ရွက်ပေးရမည်။

အလုပ်ရှင်သည် အောက်ပါကိစ္စရပ်တစ်ခုခုကြောင့် အလုပ်သမားတစ်ဦးဦးကို အလုပ်မှ ထုတ်ပယ်ခြင်း သို့မဟုတ် ရာထူးအဆင့်လျော့ချခြင်းတို့ကို မပြုရန် ဥပဒေက တားမြစ်ထားသည်။

  • လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် မှတ်ပုံတင်ဆရာဝန်၏ ဆေးစစ်ချက်မှတ်တမ်း ကိုဖြစ်စေ၊ လုပ်ငန်းခွင်ဆိုင်ရာ ရောဂါခံစားရခြင်းအတွက် အသိအမှတ်ပြုဆရာဝန်၏ ဆေးစစ်ချက်မှတ်တမ်းကိုဖြစ်စေ မရရှိမီကာလအတွင်း၊
  • ဘေးအန္တရာယ်မကင်းသော သို့မဟုတ် ကျန်းမာရေးထိခိုက်မှုအန္တရာယ်ရှိသော ကိစ္စရပ်အပေါ် တိုင်တန်းခြင်း၊
  • လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ခြင်း၊
  • လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားမည့်ဆဲဆဲအခြေအနေ သို့မဟုတ် လုပ်ငန်းခွင်ဆိုင်ရာရောဂါ ရရှိနိုင်မည့် အခြေအနေများတွင် အလုပ်ဆက်လက်မလုပ်ကိုင်ခြင်း အခြေအနေများတွင် ဖြစ်သည်။

အရင်းအမြစ်။
အပိုဒ် - ၂၄၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆) အပိုဒ် - ၁၃ မှ ၄၃၊ အလုပ်ရုံများအက်ဥပဒေ (၁၉၅၁) အပိုဒ် - ၅၃၊ လူမှုဖူလုံရေး ဥပဒေ (၂၀၁၂) အပိုဒ် - ၂၆၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ (၂၀၁၉)

တစ်ကိုယ်ရည်သုံး ကိုယ်ခန္ဓာကာကွယ်ရေးဝတ်စုံများ၊ ပစ္စည်းများနှင့်အထောက်အကူပြု ပစ္စည်းများ အခမဲ့လုံလောက်စွာ ထုတ်ပေးခြင်း

သင့်တော်သော တစ်ကိုယ်ရည်သုံး ကိုယ်ခန္ဓာကာကွယ်ရေးဝတ်စုံများ၊ ပစ္စည်းများနှင့်အထောက်အကူပြု ပစ္စည်းများ အခမဲ့လုံလောက်စွာ ထုတ်ပေးပြီး ဝတ်ဆင်လုပ်ကိုင်စေရမည်။ အလုပ်ရုံများအက်ဥပဒေ (၁၉၅၁) အရ ပြုလုပ်မှုလုပ်ငန်းစဉ်အရ လုပ်ရာမှထွက်သော အမှုန်များကြောင့်၊ သို့တည်းမဟုတ် အပိုင်းအစများကြောင့်၊ မျက်စိကိုထိခိုက်ဖွယ်ရာရှိသော ပြုလုပ်မှုလုပ်ငန်းစဉ် ဖြစ်သည်ဟူ၍သော်လည်းကောင်း၊ အလင်းရောင်အလွန်အမင်းထိုးသဖြင့် မျက်စိဘေးအန္တရာယ်ဖြစ်ဖွယ်ရာရှိသည့်ပြုလုပ်မှု လုပ်ငန်းစဉ်ဖြစ်သည် ဟူ၍သော်လည်းကောင်း၊ ပြဋ္ဌာန်းသည့်အလုပ်ရုံတွင်လုပ်သော ပြုလုပ်မှုလုပ်ငန်းစဉ်တခုခုနှင့် စပ်လျဉ်း၍၊ ယင်းသို့လုပ်ရာ၌ဖြစ်စေ၊ လုပ်သည့်နေရာ၏ အနီး၌ဖြစ်စေ၊ ခိုင်းစေခံရသူတို့ကို ကာကွယ်ပေးရန်အလို့ငှါ၊ အလင်းရောင်ကို ထိရောက်စွာ တားဆီးနိုင်သည့် အကာအရံများ၊ သို့တည်းမဟုတ် သင့်တော်သော အလင်းကာ မျက်မှန်များကို စီမံထားပေးရမည်။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ (၂၀၁၉) တွင်လည်း အလားတူ ပြဌာန်းချက်များ ပါရှိပါသည်။ လုပ်ငန်းရှင်များသည် အလုပ်သမားများအား ဦးစီးဌာနက သတ်မှတ်ခွင့်ပြုထားသည့် သင့်တော်သော တစ်ကိုယ်ရည်သုံး ကိုယ်ခန္ဓာကာကွယ်ရေးဝတ်စုံများ၊ ပစ္စည်းများနှင့်အထောက်အကူပြု ပစ္စည်းများ အခမဲ့လုံလောက်စွာ ထုတ်ပေးပြီး ဝတ်ဆင်လုပ်ကိုင်စေရမည်။

အလုပ်သမားသည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အလုပ်ရှင်က ဦးစီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ထုတ်ပေးထားသော တစ်ကိုယ်ရည်သုံး ကိုယ်ခန္ဓာကာကွယ်ရေးဝတ်စုံများ၊ ပစ္စည်းများဝတ်ဆင်ခြင်းနှင့် ကိရိယာတန်ဆာပလာများအား စနစ်တကျမှန်ကန်စွာ အသုံးပြုရမည်။

အရင်းအမြစ်။ အပိုဒ် - ၃၇၊ စက်ရုံများအက်ဥပဒေ (၁၉၅၁) ပုဒ်မခွဲ ၂၆ (င) နှင့် ၃၀ (က)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ (၂၀၁၉)

သင်တန်း။

အလုပ်ရှင်သည် လုပ်ငန်းခွင်လိုအပ်ချက်များနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ မူဝါဒနှင့်အညီ အလုပ်ခန့်မည့် အလုပ်သမားများအပြင် လက်ရှိ အလုပ်ခန့်ထားသည့် အလုပ်သမားများ၏ ကျွမ်းကျင်မှု မြှင့်တင်ရန် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာသင်တန်း ပို့ချပေးရမည်။ အလုပ်ရုံများအက်ဥပဒေ (၁၉၅၁) အရ အလုပ်ရုံတိုင်းတွင် အကယ်၍ မီးလောင်လျှင် လွတ်မြောက်ရန် နည်းလမ်းများကို ပြဋ္ဌာန်း သည့်အတိုင်း စီမံထားရှိရမည်။ မီးလောင်လျှင် အသုံးပြုနိုင်သည့်ထွက်ပေါက်များကို အလုပ်သမားအားလုံးသိနေစေရန်လည်းကောင်း၊ မီးလောင် လျှင်ထိုသူတို့ မီးဘေးမှလွတ်မြောက်အောင် လိုက်နာရမည့် နည်းလမ်းကိုကောင်းစွာ သင်ကြားပေးရန် လည်းကောင်း ထိရောက်စွာ စီမံဆောင်ရွက်ရမည်။

အလုပ်ရှင်သည် မိမိကိုယ်တိုင်အပါအဝင် သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစား သို့မဟုတ် ဌာနအလိုက် စီမံခန့်ခွဲသူများ၊ အလုပ်သမားများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များကို ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာသင်တန်းများ တက်ရောက်စေရမည်။ အလားတူပင် ဤဥပဒေအရ အလုပ်ရှင်များအနေဖြင့် အသိပညာ၊ နည်းပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှုရရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထုတ်ပြန်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လက်စွဲစာစောင်နှင့် လမ်းညွှန်ချက်များကို အလုပ်သမားများအပြင် လုပ်ငန်းခွင်နှင့် ဆက်စပ်နေသူများကိုလည်း ဖြန့်ဝေခြင်း သို့မဟုတ် သိရှိနားလည်အောင်ဆောင်ရွက်ခြင်း စီမံဆောင်ရွက်ပေးရမည်။ မီးဘေးလုံခြုံရေးစီမံချက်ရေးဆွဲ၍ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးသတ်ပစ္စည်းကိရိယာများအား စနစ်တကျအသုံးပြုတတ်စေရန် လေ့ကျင့်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်။

အရင်းအမြစ်။ အပိုဒ် - ၄၀၊ အလုပ်ရုံများအက်ဥပဒေ (၁၉၅၁) အပိုဒ် - ၁၄၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၃) ပုဒ်မခွဲ ၂၆ (ဇ၊ ဎ နှင့် ဏ) နှင့် ၃၀ (က)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ (၂၀၁၉)

အလုပ်သမားရေးရာစစ်ဆေးမှုစနစ်။

ဝန်ကြီးဌာနသည် ဤဥပဒေပါရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် စစ်ဆေးရေး အရာရှိများကို လိုအပ်သလို ခန့်အပ်နိုင်သည်။ စစ်ဆေးရေးအရာရှိ ဆိုသည်မှာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးရေးအရာရှိကို ဆိုသည်။

စစ်ဆေးရေးအရာရှိအားခန့်ထားသည့် နယ်နိမိတ်အတွင်းရှိ ဆိုင်နှင့်အလုပ်ဌာနဖြစ်သည်ဟု ယုံကြည်ရန် အကြောင်း ရှိသည့် နေရာသို့ ဤဥပဒေပါ ကိစ္စများအလို့ငှာ စစ်ဆေးရေးအရာရှိ သက်သေခံ ကတ်ပြားကို ပြသပြီး ဝင်ရောက်နိုင်သည်။ ညဉ့်အချိန် ထိုသို့ဝင်ရောက်ပါက သက်သေနှစ်ဦးနှင့် အတူဝင်ရောက်ရမည်။ ထိုနေရာရှိ မှတ်တမ်းများနှင့် စာရွက်စာတမ်းအထောက်အထားများ၊ အီလက်ထရောနစ်စနစ်သုံး မှတ်တမ်း၊ အကြောင်းကြားစာများကို ကြည့်ရှုစစ်ဆေးရမည့်အပြင် လုပ်ငန်းစဉ်များ၏ မှတ်တမ်း နှင့်စပ်လျဉ်း၍ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ရယူခြင်း၊ ကူးယူခြင်းနှင့် အခြားလိုအပ်သော စစ်ဆေးမေးမြန်းခြင်းများကို ဆောင်ရွက်နိုင်သည်။

စစ်ဆေးရေးအရာရှိသည် ဥပဒေအရ အကျုံးဝင်သက်ဆိုင်သော ဆိုင်နှင့် အလုပ်ဌာန၏မှတ်တမ်းများ၊ စာရွက်စာတမ်း အထောက်အထားများ သို့မဟုတ် ခေတ်မီနည်းပညာသုံးအခြားအထောက်အထားများကိုလိုအပ်ပါက သက်သေနှစ်ဦးနှင့်အတူရှာဖွေပုံစံဖြင့် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းနိုင်သည်။ သို့ရာတွင် မည်သူ့ကိုမျှ ရာဇဝတ်ပြစ်ဒဏ်ထိုက်သင့်စေနိုင်သည့် အဖြေကို ပေးရမည်ဟူ၍ လည်းကောင်း၊ ရာဇဝတ်ပြစ်ဒဏ် ထိုက်သင့်စေနိုင်သည့် သက်သေခံချက်ကို ထွက်ဆိုရမည်ဟူ၍ လည်းကောင်း ဤပုဒ်မအရ တောင်းဆိုပိုင်ခွင့် မရှိစေရ။

အလုပ်ရှင်သည် ထားရှိရမည့် စာရွက်စာတမ်း၊ စာရင်းဇယား၊ စာချုပ်၊ သက်သေခံအထောက်ထားများ၊ ပုံစံများ၊ နမူနာပစ္စည်းများကို စစ်ဆေးရေးအရာရှိက ကြည့်ရှုစစ်ဆေးနိုင်ရန်စီစဉ်ထားရှိရမည်။ အလုပ်ရှင်သည် ဆိုင် သို့မဟုတ် အလုပ်ဌာနတစ်ခုခု၌ ဤဥပဒေနှင့် ဤဥပဒေအရပြုသည့် နည်းဥပဒေများနှင့်အညီ မိမိထားရှိသည့် မှတ်ပုံတင်စာအုပ်၊ အလုပ်ရှင်ဖြစ်ကြောင်း အထောက်အထား သို့မဟုတ် လုပ်ငန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို စစ်ဆေးရေးအရာရှိက တောင်းဆိုသည့်အခါ တင်ပြရမည်။

စစ်ဆေးရေးအရာရှိချုပ်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်၍ ပြစ်မှုကျူးလွန်သူ မည်သူကိုမဆို သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုရန် စစ်ဆေးရေးအရာရှိတစ်ဦးဦးအား တာဝန် ပေးအပ်နိုင်သည်။

အလုပ်သမားဥပဒေများတွင် အလုပ်သမားစစ်ဆေးရေးအရာရှိများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ လုပ်ငန်းများ၏ မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစံနှုန်းများ လိုက်နာကျင့်သုံးရန် ဆောင်ရွက်ခြင်း အပြင် အနည်းဆုံးအခကြေးငွေနှင့် နစ်နာကြေးစံနှုန်းများ လိုက်နာကျင့်သုံးရန် ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

အရင်းအမြစ်။ အပိုဒ် - ၂၊ ၆၊ ၂၀၊ နှင့် ၃၂ မှ ၃၅၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ (၂၀၁၆) အပိုဒ် - ၁၀၊ ၁၁၊ အလုပ်ရုံများအက်ဥပဒေ (၁၉၅၁)

ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများ။

  • ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပေဒ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂) / The Law Amending the Factories Act, 1951 (The Pyidaungsu Hluttaw Law No. 12, 2016)
  • ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ ၂၀၁၆ / Shops and Establishments Act 2016
  • လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ [(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၈ ။)] / Occupational Safety and health Law No. 8 of 2019
 
Loading...