အတင်းအကြပ်နှင့် အဓမ္မအလုပ်ခိုင်းစေမှုကိုတားမြစ်ခြင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့်လူကုန်ကူးမှုများကို တားမြစ်သည်။ နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကိုခံရသဖြင့် အလုပ်ဒဏ်ထမ်းဆောင် ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထား ခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်။
အမိန့်အမှတ် ၁/၉၉ ၊ ၁၉၉၉ ခုနှစ်၊ မေလ ၁၄ ရက် အရ အဓမ္မခိုင်းစေခြင်း၊ မလုပ်မနေရ လုပ်အားပေးခိုင်းစေခြင်းတို့ကိုတားမြစ် ထားသည်။ သို့သော် နောက်ဆက်တွဲအမိန့်အရ အများပြည်သူအကျိုးနှင့် ဒေသခံပြည်သူများ၏ အကျိုးကို လတ်တလောထိခိုက်စေသည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ကူးစက်ရောဂါကပ်ဘေး စသည့် အန္တရာယ်များ ကျရောက်သည့်အတွက် အရေးပေါ်ဆောင်ရွက်ရမည့် အခြေအနေပေါ်ပေါက်သဖြင့် ထိုကိစ္စများအတွက်လုပ်အားပေးဆင့်ဆိုသည့်ကိစ္စကို ချွင်းချက်အနေဖြင့်ထားရှိသည်။
အဓမ္မခိုင်းစေခြင်းသည် ရာဇသတ်ကြီးအရ ရာဇဝတ်မှုမြောက်သောကျူးလွန်မှုဖြစ်သည်။ ရာဇသတ်ကြီးတွင် - "မည်သူမဆို သူတစ်ဦးဦးအား ထိုသူ အလိုမတူဘဲ ဥပဒေနှင့်ဆန့်ကျင်၍ အတင်းအဓမ္မ ခိုင်းစေလျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။"
အရင်းအမြစ်။
အပိုဒ် - ၃၅၈ ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
အပိုဒ် - ၃၇၄ ၊ ရာဇသတ်ကြီး (၁၈၆၁)
လွတ်လပ်စွာအလုပ်ပြောင်းပိုင်ခွင့် နှင့် အလုပ်ထွက်ခွင့်။
အလုပ်သမားများသည် ၎င်းတို့အလုပ်ရှင်ထံ တစ်လ ကြိုတင်၍အသိပေးပြီးနောက်တွင် အလုပ်ပြောင်းပိုင်ခွင့်ရှိသည်။
အသေးစိတ်သိရှိရန်အတွက် "အလုပ်အကိုင်လုံခြုံမှု" အခန်းအောက်တွင်ကြည့်ပါ။
သင့်လျော်ကောင်းမွန်မှုမရှိသောအလုပ်အခြေအနေများ
အလုပ်ချိန်ကိုပုံမှန် တစ်ရက်လျှင် ရှစ်နာရီနှင့် တပတ်လျှင် လေးဆယ့်လေးနာရီ (သို့မဟုတ် လေးဆယ့်ရှစ် နာရီ) ထက် တိုးမြှင့်နိုင်သည်။ သို့သော် အချိန်ပိုလုပ်သော နာရီစုစုပေါင်းသည် မည်သည့် ရက်သတ္တပတ်၌မဆို ၁၂ နာရီ ထက်မပိုစေရ။ သို့ရာတွင် အထူးကိစ္စရပ် အနေဖြင့် လိုအပ်ချက်ရှိပါက ရက်သတ္တပတ်၌ ၁၆ နာရီထက် မပိုစေရ။ ထို့ပြင် ညဉ့်သန်းခေါင် ၁၂ နာရီထက် ကျော်လွန်လုပ်ကိုင်ခြင်းမပြုရ။ စက်ရုံ၊ အလုပ်ရုံများတွင်အဆက်မပြတ်လုပ်ကိုင်ရခြင်း၌ မပါဝင်သော အလုပ်သမားများအတွက် ရက်သတ္တပတ်လျှင် အချိန်ပို နာရီ ၂၀ လုပ်ခွင့်ပြုထားသည်။
အသေးစိတ်သိရှိရန်အတွက် "လျော်ကြေး" အခန်းအောက်တွင်ကြည့်ပါ။